Showing posts with label 99 စနေ. Show all posts
Showing posts with label 99 စနေ. Show all posts

Sunday, 20 February 2011

Quotes

သေးငယ်တဲ့ ပြုလုပ်ဆောင်ရွက်ချက်က ကြီးမားတဲ့အပြောသက်သက်ကို အောင်နိုင်တယ်။

အလုပ်အကိုင်ရှိမှ ကြိုးစားရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

ကျရှုံးမှ သူတစ်ပါးရဲ့ အသိပေးစကားကို သတိရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

ဖျားနာမှ အသက်တစ်ချောင်းဟာ ကျိုးပဲ့လွယ်တယ်လို့ အသိရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

ချမ်းသာကြွယ်ဝမှ သူတစ်ပါးကိုကူညီရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

Thursday, 22 October 2009

လူ့ဘ၀ဧ။်အကြီးမားဆုံးသောအသိတရား­ (၁၄)ချက်

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။


၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။


၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ
ခြင်းဖြစ်သည်။


၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော
စိတ်ကြောင့်ဖြစ်သည်။


၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း
ခြင်းကြောင့်ဖြစ်သည်။


၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော
စိတ်ဓာတ်ကြောင့် ဖြစ်သည်။


၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု
ဖြစ်သည်။


၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်းသည် မိမိဧ။် ကြံ့ခိုင်သည့်
စိတ်ဓာတ်ဖြစ်သည်။


၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ်
မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။


၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး
ကောင်းမွန်ခြင်းဖြစ်သည်။


၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး
အကြွေးသံသရာဖြစ်သည်။


၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော
စိတ်ဓာတ် ဖြစ်သည်။


၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ
စိတ်ဓာတ်ဖြစ်သည်။


၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

Credit: http://www.facebook.com/note.php?note_id=171728988512&ref=nf

Tuesday, 4 August 2009

ခံစားမှုဘဏ်ထဲ ဘာတွေစုဆောင်းမလဲ?

ခံစားမှုဘဏ်ထဲ ဘာတွေစုဆောင်းမလဲ?


ဇနီးရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) မနက်ခင်းမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုပေးပါ
၂) သူ့အစား ကော်ဖီ၊ လက်ဖက်ရည်ဖျော်ပါ
၃) သူ့အစား အိပ်ရာခင်းတွေ ခေါက်ကူပါ
၎) ညအချိန်မှာ အမှိုက်သိမ်း/ သွန်ကူပါ
၅) ကလေးကို ကျောင်းပို့ပါ
၆) သူ့မိဘကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ
၇) အင်္ကျီကူခေါက်ပါ
၈) မွေးနေ့လက်ဆောင်ပေးပါ
၉) အိမ်စရိတ် ကူညီထောက်ပံ့ပါ
၁ဝ) ဂရုစိုက်၊ နွေးထွေးတဲ့စကားတွေပြောပါ

ခင်ပွန်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) အလုပ်ကပြန်လာတဲ့သူ့ကို ကြိုဆိုပါ
၂) သူ့အလုပ်အကိုင်ကို ဂရုပြု(စောင့်ရှောက်)ပါ
၃) ညစာကို စားချင်စဖွယ်ပြင်ဆင်ပါ
၎) သူ့စိတ်လိုအင်ကို ဖြည့်ပါ
၅) မင်္ဂလာနှစ်ပတ်လည်မှာ သူအံ့သြပျော်ရွှင်အောင် လက်ဆောင်ပေးပါ
၆) သူ့လုပ်ရည်ကိုင်ရည်၊ သူ့အကျင့်စရိုက်ကို လေးစားတန်ဖိုးထားပါ
၇) အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးမှ ပြဿနာကို ဆွေးနွေးတင်ပြပါ
၈) သူနှစ်သက်တဲ့ ဘောလုံးပွဲကိုကြည့်ပါစေ
၉) ကိုယ့်ကိုအမြဲ လှပသန့်ရှင်းအောင် ပြင်ဆင်ပါ
၁ဝ) သူ့မိဘကို ပြုစုစောင့်ရှောက်ပါ

ချစ်သူရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) သူပြောတာ၊ လုပ်တာကို ယုံကြည်ပါ
၂) သူ့ကိုအလေးထား ဂရုစိုက်ပါ
၃) ခွင့်လွတ်နားလည်မှုတွေ ပေးပါ
၎) သူနှစ်သက်တဲ့အလုပ်၊ ပွဲတွေမှာ ပါဝင်ပါ
၅) သူပြောချင်တာကို နားထောင်ပေးပါ
၆) နေ့တိုင်း ချစ်သူများနေ့လို ချိုချိုမြိန်မြိန်ဖြတ်သန်းပါ
၇) ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားမှာ ချိတ်ထားစရာမလိုပေမယ့်
ရင်ထဲမှာ အမြဲထည့်ထားပါ
၈) စိတ်ကြည်နူးစေတဲ့ လက်ဆောင်လေးတွေ တစ်ခါတရံပေးပါ
၉) သူ့အလုပ်ကို ကူလုပ်မပေးခင် ကြည်နူးနှစ်သက်တဲ့ စကားအကောင်းကိုပြောပါ
၁ဝ) သူ့ကောင်းကွက်ကို ပိုမြင်ပြီး ဆိုးကွက်ကို လျှော့ကြည့်ပါ

သူငယ်ချင်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) သူရင်ဖွင့်တဲ့စကားကို နားထောင်ပေးပါ
၂) သူလုပ်ချင်တဲ့အလုပ်ကို ထောက်ခံအားပေးပါ
၃) သူအခက်ခဲကြုံချိန်မှာ ကူညီပါ
၎) သူအမှားလုပ်မိချိန်မှာ လမ်းပြညွှန်ကြားပါ
၅) သူဝမ်းနည်းထိခိုက်ချိန်မှာ ဖေးမအဖော်ပြုပါ
၆) သတိရချိန်မှာ ဖုန်းဆက်ပြီး သူ့ကိုကိုယ်သတိရကြောင်း ပြောပါ
၇) မကြာမကြာ သူရဲ့အခြေအနေ (အဆင်ပြေ မပြေ)ကို ဂရုစိုက်ပါ
၈) စိတ်ဝိညာဉ်ချင်း ဖလှယ်ပါ
၉) ကိုယ့်စီမှာရှိတဲ့ ပျော်စရာ၊ ကောင်းတဲ့ပစ္စည်းတွေ သူ့အတွက် တစ်ပုံအမြဲရှိပါစေ
၁ဝ) ကိုယ့်ခံစားချက်ကို သူနဲ့အတူ မျှဝေပါ

လူ့ဘဝက ရှုတ်ထွေးပွေလီလှတယ်။ တစ်ခါတရံမှာ ထိန်းချုပ်မှုတွေ ကင်းလွတ်ပြီး ကိုယ့်ချစ်သူ၊ ကိုယ့်ကြင်ဖော်၊ ကိုယ့်သူငယ်ချင်းတွေကို ထိခိုက်နာကျင်တဲ့စကားတွေ ပြောဆိုမိတတ်တယ်။ ခံစားမှုဘဏ်တိုက် အကောင့်လေး overdraft မဖြစ်အောင် အကောင်းဆုံးနည်းက - ကောင်းတဲ့စကား၊ ကြည်နူးတဲ့စကား၊ ပြုစုယုယမှုတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေ ပုံမှန်စုဆောင်းတာပဲ ဖြစ်ပါတယ်။

original from : google search or 如何在感情上存款

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Sunday, 12 July 2009

ယနေ့ သင်ပျော်ရွှင်ပါသလား?


ယနေ့ သင်ပျော်ရွှင်ပါသလား? လူတွေကို ကူညီလိုက်ရလို့ သင်ပျော်ရွှင်သွားပါသလား?

The Bucket List ဆိုတဲ့ ရုပ်ရှင်ကားထဲကလို လူတစ်ယောက် ကင်ဆာရောဂါရပြီး ဘဝရဲ့နောက်ဆုံးအချိန်ကို ရောက်လာခဲ့တဲ့အခါ ဘာတွေလုပ်ချင်ကြသလဲ?

The Bucket List ရဲ့ဇာတ်လမ်းအကျဉ်းက သူဌေးကြီးတစ်ဦး (သရုပ်ဆောင် Jack Nicholson) ဟာ ရောဂါရပြီး ဆေးရုံမှာ ကားပြင်ဆရာတစ်ဦးနဲ့ (သရုပ်ဆောင် Morgan Freeman) သွားဆုံတယ်။ နှစ်ယောက်စလုံးက ကင်ဆာရောဂါ ခံစားနေကြပြီး လူ့ဘဝရဲ့နောက်ဆုံးချိန်ကို ရောက်နေပြီဖြစ်တယ်။

တစ်နေ့မှာ သူဌေးက ကားပြင်ဆရာ စာထိုင်ရေးနေတာကိုတွေ့လို့ စိတ်ဝင်စားပြီး ဘာတွေရေးနေသလဲလို့ မေးလိုက်တယ်။ ကားပြင်ဆရာရေးတာက လူ့ဘဝရှင်းတမ်း (a bucket list)ကို ရေးနေတာဖြစ်တယ်။ သူတက္ကသိုလ်ရောက်စမှ ဒဿနိကဆရာက ကျောင်းသားတွေကို လူ့ဘဝရှင်းတမ်းဆိုပြီး သူတို့မသေဆုံးခင်မှာ လုပ်ချင်၊ ကြည့်ချင်၊ ဖြစ်ချင်တာကို ချရေးခိုင်းခဲ့တယ်။

ကားပြင်ဆရာစကားကို နားထောင်ပြီး သူဌေးလည်း သူ့ဘဝရဲ့ရှင်းတမ်းကို ချရေးကြည့်ဖို့ စိတ်ကူးရလိုက်တယ်။ သူတို့နှစ်ယောက်လုံးပေါင်းပြီး လုပ်ချင်တဲ့ကိစ္စ တော်တော်များများကို လုပ်ခဲ့ကြတယ်။ ပြိုင်ကားမောင်း၊ အမဲလိုက်၊ ခရီးသွား စတဲ့အလုပ်တွေလုပ်ပြီး ကမ္ဘာ့အနှံ့သူတို့ရဲ့ ပျော်ရွှင်တဲ့ခြေရာတွေကို ထားခဲ့ကြတယ်။

တစ်နေ့မှာ သူတို့ဟာ အီဂျစ်ကပိရမစ်ကို ရောက်လာခဲ့ကြတယ်။ အဲဒီမှာ ကားပြင်ဆရာက ကိုယ်လက်၊ နှုတ်အမှုအရာတွေ ရုတ်တရက် တည်ကြည်လေးနက်သွားခဲ့ပြီး အီဂျစ်တွေမှာ ရှေးအစဉ်အလာ တစ်ခုရှိကြောင်း၊ အဲဒီအစဉ်အလာက လူသေပြီးနောက် သေမင်းဂိတ်ဝဆီ ရောက်သွားပြီး မေးခွန်းနှစ်ခုမေးတာကို ခံရကြောင်း၊ ကိုယ်ဖြေတဲ့အဖြေပေါ် မှုတည်ပြီး နတ်ပြည်လား? ငရဲပြည်လား? ဆိုတာကို အဆုံးအဖြတ်ပေးကြောင်း သူဌေးကိုပြောပြခဲ့တယ်။

ပထမအမေးက "လူ့ဘဝ နေထိုင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ သင်ပျော်ရွှင်ခဲ့ပါသလား" ဖြစ်တယ်။

သူဌေးက အမေးကိုနားထောင်ပြီး စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ငြိမ်သက်သွားခဲ့တယ်။ သူ့မှာ ကိုယ်ပိုင်လေယာဉ်၊ တိုက်အိမ်ကြီးနဲ့ အစားကောင်းတွေရှိပြီး မရေမတွက်နိုင်အောင် ချမ်းသာကြွယ်ဝခဲ့ပေမယ့် အဲဒီမေးခွန်းကို သူမဖြေနိုင်ခဲ့ဘူး။ သူတကယ် မပျော်ရွှင်ခဲ့ဘူး။ လောကမှာရှိတဲ့ အရာတော်တော်များများကို ငွေကြေးနဲ့လှဲလှယ်လို့ မရနိုင်မှန်း သူနားလည်ခဲ့တယ်။

သူမဖြေနိုင်သေးခင်မှာ ကားပြင်ဆရာက ဒုတိယအမေးကို ထပ်ပြောပြတယ်။

ဒုတိယအမေးက "လူ့ဘဝတစ်လျှောက်မှာ တစ်ခြားလူကိုကူညီလို့ ရခဲ့တဲ့ပျော်ရွှင်မှုကို သင်ရခဲ့သလား" ဖြစ်တယ်။

ဒီအမေးကိုကြားတော့ သူဌေးကြီး ပိုငြိမ်သွားခဲ့ရတယ်။ ပြီးတော့ သူဒေါသထွက်မိတယ်။ သူဟာ သူဌေးကြီးတစ်ဦးဖြစ်ပြီး လူတွေအပေါ် ကြမ်းတမ်းခက်ထန်ခဲ့တယ်။ မကြာခဏ အပြစ်တင်၊ ဝေဖန်တယ်။ တစ်ခြားလူကို ပျော်ရွှင်ဖို့ ကူညီတယ်မဆိုထားနဲ့ လူတွေကို မပျော်ရွှင်စေခဲ့သလို နာကျင်စေခဲ့တယ်။ ပြီးတော့ သူဟာ အိမ်ထောင်(၄)ကြိမ် ကွာရှင်းခဲ့သူဖြစ်ပြီး တစ်ဦးတည်းရှိတဲ့ သမီးနဲ့လည်း အဆက်အသွယ် မလုပ်ခဲ့ဘူး။ သူ့တစ်သက်မှာ သူတစ်ပါးကို ကူညီလိုက်လို့ရတဲ့ ပျော်ရွှင်မှုမျိုး မရှိခဲ့ဖူးဘူး။

ဒီရုပ်ရှင်ကားက ကျွန်တော့်အာရုံကို စွဲငြိစေခဲ့တယ်။ ကျွန်တော်တို့ အခုခေတ်လူတွေက အလုပ်တွေနဲ့ ပျားပန်းခတ် လှုပ်ရှားနေရတယ်။ အပြိုင်အဆိုင်တွေများတယ်။ အဖက်ဖက်က ဖိစီးမှုတွေများတယ်။ တကယ်လို့ ကျွန်တော်ခန့်မှန်းတာ မမှားဘူးဆိုရင် ကျွန်တော့်လိုပဲ ပထမမေးခွန်းကို စဉ်းစားခဲ့မိမှာ မဟုတ်ဘူး။ ဒုတိယမေးခွန်းကိုတော့ "မေးတော့လဲ အလကားပဲ..ဒီအတွက် ကျွန်တော်ဘာလုပ်နိုင်မလဲ? နေ့တိုင်း အလုပ်တက်၊ အလုပ်ဆင်းရဦးမယ်" လို့ ပြန်ဖြေမိမယ် ထင်ပါတယ်။

လက်ရှိပိုင်ဆိုင်တာကို တန်းဖိုးထားတတ်တဲ့သူ၊ ကျေးဇူးသိတတ်တဲ့သူတွေက အခက်အခဲနဲ့ကြုံခဲ့လည်း အကောင်းဖက်ကို တွေးမြင်တတ်တယ်။ ဒါကြောင့် ကျင်လည်ရတဲ့ပတ်ဝန်းကျင်၊ အလုပ်ချင်းတူပေမယ့် ရတဲ့ပျော်ရွှင်မှုက တူချင်မှတူလိမ့်မယ်။

ဒုတိယမေးခွန်းက ကျွန်တော်တို့ကို ပိုတွေးတောစေခဲ့သလို ပထမမေးခွန်းနဲ့ ဆက်စပ်နေခဲ့တယ်။ မပျော်ရွှင်သူတစ်ယောက်က တစ်ခြားလူ ပျော်ရွှင်ဖို့ ဘယ်လိုကူညီပေးနိုင်မလဲ? မပျော်ရွှင်သူတစ်ယောက်ရဲ့ အတွေးနဲ့ လုပ်ရပ်က negative ပဲဖြစ်နေတော့မယ်။

Carnegie က ဒီလို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။

ဝေဖန်ပြစ်တင်မှုတွေ လျော့ချနိုင်မှ ပျော်ရွှင်မှုတွေ ရနိုင်မှာဖြစ်တယ်။ ဒါမှ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်မယ်။ လူတွေကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်မှာဖြစ်တယ်။

ကျွန်တော်မိတ်ဆွေတစ်ဦးက အမြန်ချောပို့ကုမ္ပဏီက မန်နေဂျာဖြစ်တယ်။ တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက်က သူ့ကို "မန်နေဂျာ... ခင်ဗျားမျက်နှာက အမြဲတမ်း ခက်ထန်နေပါလား" လို့ ပြောတော့ သူကစိတ်တိုပြီး

"ကျွန်တော့်မှာ မပျော်ရွှင်တဲ့ ကိုယ်ပိုင်အခွင့်အရေးတောင် မရှိနိုင်တော့ဘူးလား" လို့ပြောတယ်။

"မျက်နှာခက်ထန်တဲ့ အခွင့်အရေးမျိုး ခင်ဗျားမှာမရှိသင့်ဘူး။ ခင်ဗျားကြောင့် ကျွန်တော်တို့ဝန်ထမ်း အားလုံးလည်း အလုပ်လုပ်ရတာ စိတ်မသက်သာဘူး"

အိမ်မှာလည်း ထိုနည်၎င်းပါပဲ။ မိဘတွေ မျက်နှာခက်ထန်နေရင် ဘယ်သားသမီးကမှ ပျော်ရွှင်လာနိုင်မှာ မဟုတ်ဘူး။ မိသားစုတစ်စုလုံးကို ထိခိုက်လာစေနိုင်တယ်။ အကောင်းဖက် (postive) ကိုတွေးမြင်သူက ကိုယ့်ကိုယ်တိုင်ကို ပျော်ရွှင်စေနိုင်သလို သူတစ်ပါးကိုလည်း ပျော်ရွှင်မှုတွေ ပေးနိုင်မှာဖြစ်တယ်။

လောကမှာ ပျော်ရွှင်ခြင်းနဲ့ မပျော်ရွှင်ခြင်း နှစ်ခုပဲရှိသလို၊ ဒီနေ့မှာလည်း ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်း နှစ်ခုပဲရှိတယ်။ ဒီနေ့ကို ပျော်ရွှင်ခြင်းနဲ့ပြီးဆုံးချင်သလား? ဒါမှမဟုတ်မပျော်ရွှင်ခြင်းနဲ့ ပြီးဆုံးချင်သလား? ကိုယ်ရွေးချယ်မူပေါ်မှာပဲ မှုတည်ပါတယ်။

မူရင်း... 今天你快樂嗎? ယနေ့ သင်ပျော်ရွှင်ပါသလား?

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Wednesday, 24 June 2009

လောကမှာဘာပဲလုပ်လုပ်ကိုကအကောင်းဆုံးသာပြုလုပ်ပါ...
ပေးဆပ်နိုင်သလောက်ပေးဆပ်ပါ...
ဘယ်သူတွေဘာပဲဖြစ်နေဖြစ်နေ... ဘာပဲပြောနေပြောနေ... ကိုလုပ်သင့်တာကိုသာလုပ်ပါ...
သူနဲ့တန်ပြန်အကျိုးက အချိန်တခုရောက်ရင် သက်ရောက်လာမှာပါ...
လောကကြီးက အရမ်းဆန်းကျယ်ပါတယ်ဗျာ...

ညရဲ့ကောင်းကင်

Thursday, 30 April 2009

စကားနှစ်ခွန်းလျော့ပြောပါ....


မိန်းမတွေက မွေးရာပါ ပျစ်တောက်ပျစ်တောက်တွေ ဖြစ်တယ်။ ပစိပစပ်များတယ်။ ဒါပေမယ့် အချစ်မှာ၊ တစ်ချို့အခြေအနေမှာ နုတ်ပိတ်နေတာက အကောင်းဆုံးဖြစ်တယ်။ "silence is golden" ဆိုသလို တစ်ခါတလေမှာ နုတ်ဆိတ်နေခြင်းက သင့်ကို အကောင်းတွေ သယ်လာပေးနိုင်ပါတယ်။

(၁) သူ မီးဖိုချောင် ဝင်တဲ့အခါ

မီးဖိုချောင်က ကိုယ့်နယ်ပယ်လို့ သတ်မှတ်ပြီး မီးဖိုချောင် ဝင်သူတိုင်းကို ကိုယ်အမိန့်ပေးလို့ ရတယ်လို့ မသတ်မှတ်ပါနဲ့။ သူစိတ်ပါလို့ မီးဖိုချောင်ဝင်တဲ့နေ့ လိမ္မာပါးနပ်တဲ့ သင် ဟင်းရွက်ဆေးကူ၊ အိုးခွက်ပန်းကန်ပေးရုံကလွဲရင် တစ်နေရာကို ရှောင်နေလိုက်ပါ။ စားဖို့အဆင့်သင့် ဖြစ်ချိန်မှ သင်ပါးစပ်ဖွင့်ပါ။ သူချက်တဲ့ဟင်းက ဘယ်လောက်စားကောင်းကြောင်း၊ ဟင်းချက်အစီအစဉ်မှာ ဝင်ပြိုင်သင့်ကြောင်း ချီးကျူးစကားပြောပါ။ မီးဖိုချောင်ကို အချက်အပြုတ် သင်တန်းကျောင်းလို သူဓားကိုင်နည်းက မမှန်ဘူး၊ ဒယ်အိုးကိုင်နည်းက ပုံမကျဘူး၊ အရသာ ပေါ့သလေ၊ ငန်သလေနဲ့ ကဲ့ရဲ့လှောင်ပြောင်ပြီး ဆရာသွားမလုပ်ပါနဲ့။ သူစိတ်ထိခိုက်ပြီး မီးဖိုချောင် လုံးဝမဝင်တော့တဲ့အခါ သင်သာလျှင် နေ့တိုင်း မီးဖိုချောင်စောင့်နတ် ဖြစ်သွားပါလိမ့်မယ်။

(၂) သန့်ရှင်းရေး ဝိုင်းကူလုပ်တဲ့အခါ

ဂျပန်နိုင်ငံက ပညာရှင်တစ်ချို့ရဲ့ လေ့လာဆန်းစစ်ချက်အရ အခုခေတ်မှာ ခေတ်စားနေတဲ့ ကွာရှင်းပြတ်စဲခြင်းရဲ့ အဓိက တရားခံက နောက်မီးလင်းလို့ မဟုတ်သလို ရိုက်နှက်ရန်ဖြစ်ကြလို့လည်း မဟုတ်ဘူး။ "အိမ်အလုပ်ကို သူကူမလုပ်ဘူး" ဆိုတာပဲ ဖြစ်ပါသတဲ့။ မိန်းကလေးတွေကလည်း စဉ်းစားကြည့်သင့်တယ်။ ကိုယ့်လင်တော်မောင်က ကိုယ့်ကြောင့် အကျင့်ပျက်သွားတာလား? သူကိုယ့်ကို သန့်ရှင်းရေးလုပ်ကူတဲ့အခါ ကိုယ်က ဘေးကနေ ဟိုလိုလုပ်ပါလား၊ ဒီလိုမဟုတ်ဘူး၊ နှေးလိုက်တာလို့ ပျစ်တောက်တောက် ရေရွတ်နေခဲ့သလား?

တလောက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့အိမ်က ရေချိုးခန်းကို သန့်ရှင်းဖို့ သူ့လင်တော်မောင်က အထူးစီမံထားတဲ့ ရေမြုပ်တွေ သွားဝယ်ခဲ့သတဲ့။ ပြီးတော့ အဲဒီရေမြုပ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ ချေးကပ်နေတဲ့ ဘေဇင်နဲ့ ရေစက်ခေါင်းတွေကို ပြောင်လက်အောင် ဆေးနိုင်ကြောင်း ပြောတယ်။ သူငယ်ချင်းက ဘာမှမပြောဘဲ ဧည့်ခန်းမှာ ကြောင်ကလေးနဲ့ သွားဆော့နေခဲ့ပြီး လင်တော်မောင် ဆေးကြောနေတာကို စိတ်ဝင်တစား မကြာခဏ သွားရပ်ကြည့်ရုံကလွဲလို့ စကားတစ်ခွန်းမှ မဟခဲ့ဘူး။ ပြောင်လက်အောင် ဆေးကြောပြီးနောက် လင်တော်မောင်က ...

"တွေ့တယ်မဟုတ်လား? ဒီရေမြုပ်နဲ့ ဆေးရတာ လွယ်လည်းလွယ်တယ်၊ ပြောင်လည်းပြောင်တယ်" လို့ ပြောတော့ သူ့စိတ်ထဲမှာ "နင်သာလုပ်မယ်ဆိုရင် ဘာနဲ့သုံးသုံး ကောင်းတယ်" လို့ တွေးဖြစ်ပေမယ့် ပါးစပ်က "ဟယ်... တကယ်ပဲတော့.... ရေချိုးခန်းက တစ်ခါမှ ဒီလောက်ထိ မတောက်ပြောင်ဖူးဘူး.. နင်အရမ်းတော်တာပဲ" သူ့စကားကို လင်တော်မောင်က တဟားဟားနဲ့ သဘောကျပြီး "ညစ်ပတ်သွားရင် နောက်တစ်ပတ် ကို' ပြန်ဆေးပေးမယ်" လို့ ပြောလိုက်တယ်။ ကဲ... ဒီလို မိန်းကလေးမျိုးကို လိမ္မာပါးနပ်တယ်လို့ မခေါ်ဘူးလား!

(၃) သူဒေါသထွက်တဲ့အခါ

အပြင်ကိစ္စတစ်ခုခုကြောင့် သူဒေါသထွက်တဲ့အချိန် အဲဒီကိစ္စမှာ သူမှားခဲ့လည်း သူ့ကို စကားခွန်းကြီးခွန်းငယ်ဖွဲ့ပြီး အပြစ်သွားမတင်သင့်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် မိန်းမကောင်းတစ်ယောက်ရဲ့ သွင်ပြင်ကို ရုပ်ပျက်စေနိုင်သလို သူ့ဒေါသကို ဆွပေးသလို ဖြစ်သွားနိုင်တယ်။ စကားတစ်ခွန်းမှ မပြောဘဲ သူ့ကိုပဲ စိုက်ကြည့်နေလိုက်ပါ။ ဖြစ်နိုင်ရင် မျက်ရည်အဝဲသားနဲ့ ကြည့်ပါ။ အဲဒီနောက် မျက်ရည်တွေ မျက်လုံးအိမ်ကနေ တဖြေးဖြေး စီးကျလာပါစေ။ သူ့ဒေါသသံတွေ တဖြေးဖြေး တိုးလာပြီး နေမသိ ထိုင်မသာ ဖြစ်လာမယ်ဆိုတာကို အာမခံပါတယ်။ နောက်ပိုင်း သူမှားသွားကြောင်း ကိုယ့်ကို ပွေ့ဖက် တောင်းပန်လာလိမ့်မယ်။ မငိုနဲ့... မငိုပါနဲ့တော့လို့ သူချော့လာပါလိမ့်မယ်။

(၄) သူရင်ဖွင့်လာတဲ့အခါ

အလုပ်မှာ အဆင်မပြေတဲ့အချိန်၊ သူဌေး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အနှိမ်ကျင့်တာကို ခံရချိန် အိမ်ပြန်ရောက်ပြီး ကိုယ့်ကို သူရင်ဖွင့်လာပါလိမ့်မယ်။ အဲဒီအခါ သူက ထိခိုက်ဒဏ်ရာရလာတဲ့ ကလေးတစ်ယောက်လို ကိုယ့်ဆီက နှစ်သိမ့်အားပေးစကားကို မျှော်လင့်နေပါလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာ သူ့ကို ပွေ့ဖက်ပေးလိုက်ပါ၊ ခေါင်းကို ပွတ်သပ်ပေးပါ၊ ပြဿနာဖြစ်သူတွေကို သွားဂရုစိုက်မနေဖို့ နှစ်သိမ့်ပါ။ သူခံနိုင်ရည်မရှိကြောင်း၊ စိတ်ဓာတ်တွေ မကြံ့ခိုင်ကြောင်း သင်ခန်းစာ သွားမပေးပါနဲ့။ သွားမလှောင်ပါနဲ့။ ထိခိုက်ခံစားနေတဲ့ သူ့စိတ်အပေါ် အေးစက်တဲ့ စကားတွေ ထပ်လောင်းမိရင် နှစ်ဦးကြား အခြေအနေက ပိုဆိုးသွားပါလိမ့်မယ်။

(၅) သူပင်ပန်းလာတဲ့အခါ

အလုပ်မှာ တစ်နေကုန်ပင်ပန်းခဲ့လို့ အိမ်ရောက်တာနဲ့ ထမင်းစား၊ ရေချိုးပြီး သူ အိပ်ရာဝင်ချင်နေတယ်။ ကိုယ်ကလည်း သူနဲ့စကားပြောချင်နေတယ်။ ဒီလိုအချိန်မျိုးမှာ အိပ်ချင်ပြီး မအိပ်ရသူရဲ့ စိတ်က ဒေါသထွက်လွယ်ပါတယ်။ တကယ်လို့ ကိုယ်က ဘေးမှာနေပြီး ထပ်ပြောနေဦးမယ်ဆိုရင် နောက်ဆုံးမှာ နှစ်ဦးစလုံး ဒေါသစိတ်နဲ့ အိပ်ရာဝင်ရပါလိမ့်မယ်။ အိပ်ချင်သူကို အိပ်ရေးဝဝ အိပ်ပါစေ။ နောက်တစ်နေ့မနက် မနက်စာ စားချိန်၊ သတင်းစာ ကြည့်ချိန်မှာ ကိုယ်ပြောချင်တဲ့စကားကို ပြောရင်လည်း နောက်မကျပါဘူး။ ဒါဟာလည်း နားလည်ပေးတတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ထုတ်ဖော်နေသလိုပါပဲ....

အကြင်လင်မယားတိုင်း ချစ်တတ်ကြပါစေ....

မူရင်းရေးသားသူ -茉 莉 (Maw Li) 少說兩句 他會更愛妳 (စကားနှစ်ခွန်းလျော့ပြောပါ၊ ကိုယ့်ကို သူပိုချစ်လာလိမ့်မယ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။